Probiotic ဆေးဝါးတွေက ခန္ဓာကိုယ်ကို ဘယ်လို ကောင်းကျိုးများစေသလဲ
လူတွေမှာ လူဆိုးလူကောင်းရှိသလို ခန္ဓာကိုယ်ထဲမှာလဲ ဆိုးသွမ်းပြီး ဒုက္ခပေးနိုင်တဲ့ ဘက်တီးရီးယားတွေနဲ့အတူ အကျိုးပြုစေတဲ့ ဘက်တီးရီးယားလေးတွေလဲ ရှိိနေပါတယ်။ ဒီကောင်းမွန်တဲ့ ဘက်တီးရီးယားလေးတွေကို Probiotic လို့ ခေါ်ပြီး ခန္ဓာကိုယ်ရဲ့ နေရာအနှံ့မှာ ပုံမှန်ရှင်သန်နေကြပါတယ်။ အကြောင်းကြောင်းကြောင့် ဒီ Probiotic လေးတွေ ဆုံးရှုံးနည်းပါးသွားတဲ့အခါမှာ ပြင်ပကနေ ဆေးဝါးအနေနဲ့ ပြန်လည်ဖြည့်စွက်ပေးရပါတယ်။ ဒီ Probiotics လေးတွေက ခန္ဓာကိုယ်အတွက် ဘယ်လိုကောင်းကျိုးတွေ ပေးတာလဲ?
(၁) စိတ်ကျန်းမာရေးကို အထောက်အကူပြုတယ်
အစာအိမ်နဲ့ ဦးနှောက်ဟာ အာရုံကြောတွေကနေတဆင့် ဆက်စပ်နေတဲ့ နည်းလမ်းတွေ ရှိနေပါတယ်။ ဒါနဲ့ သက်ဆိုင်တယ်လို့ ယူဆရတဲ့ လေ့လာမှုတစ်ခုကတော့ Probiotics ဟာ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှု တွေကို အတိုင်းအတာ တစ်ခုထိ လျော့နည်းစေပြီး စိတ်ကျရောဂါကို သက်သာစေတယ်လို့ တွေ့ရှိထားပါတယ်။
(၂) အစာခြေစနစ်ကို ပိုကောင်းစေတယ်
Probiotics ကို ပုံမှန်မှီဝဲမယ်ဆိုရင် အစာအိမ် အူလမ်းကြောင်းရဲ့ လုပ်ငန်းဆောင်တာတွေ ပိုကောင်းစေပါတယ်။ အထူးသဖြင့် အူနံရံကနေ အစာ စုပ်ယူမှုကို ပိုမိုကောင်းစေပြီး အစာခြေစနစ်ကိုလဲ ပုံမှန်ဖြစ် စေပါတယ်။ အစာအိမ်လမ်းကြောင်းမှာ ဖြစ်တတ်တဲ့ ရောဂါတွေနဲ့ ရောင်ရမ်းမှုတွေ၊ ဝမ်းပျက် ၊ ဝမ်းလျှော နဲ့ ဝမ်းချုပ်တာကိုလဲ သက်သာစေပြီး အူလမ်းကြောင်း ကျန်းမာစေပါတယ်။
(၃) အသားအရေ ပျက်စီးတာကို ကာကွယ်ပေးတယ်
အသက်အရွယ်ရလာလို့ပဲဖြစ်ဖြစ် နေရောင်ခြည်နဲ့ Free Radical တွေကြောင့်ပဲဖြစ်ဖြစ် အသားအရေပျက်စီးယိုယွင်းလာတတ်တာ ထုံးစံပါပဲ။ ဒါကို ကာကွယ်ပေးဖို့ကို Probiotic က တာဝန်ယူပေးနိုင်ပါတယ်။ အထူးသဖြင့် အသားအရေရဲ့ ရဲ့ PH level ကို ထိန်းညှိ ပေးပြီး အရေပြားမှာ ဖြစ်တတ်တဲ့ နှင်းခူ၊ ဝက်ခြံ၊ အရေပြားခြောက်တာနဲ့ အသားအရေပျက်စီးတာတွေအထိ ကာကွယ်ပေးနိိုင်ပါတယ်။
(၄) နှလုံးရောဂါကို ကာကွယ်ပေးနိုင်တယ်
Probiotics ကပေးတဲ့ တစ်ချို့သော အာနိသင်တွေက မကောင်းတဲ့ သွေးတွင်းကိုလက်စထရောတွေကို လျှော့ချနိုင်တယ်၊ သွေးပေါင်ချိိန်ကိုလဲ ထိန်းညှိပေးပြီး ရောင်ရမ်းမှုတွေကို လျှော့ချပေးနိုင်တာကြောင့် နှလုံးကျန်းမာရေးကို အထောက်အကူပြုစေတယ်လို့ လေ့လာမှုတွေအရ တွေ့ရှိရပါတယ်။
(၅) ကိုယ်ခံအားကို ကောင်းစေတယ်
probiotics က ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကို ပုံမှန် ထိန်းညှိပေးထားနိုင်တာကြောင့် ဖျားနာတာ၊ နာမကျန်းဖြစ်တာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပိုးဝင်တဲ့ ပြဿနာတွေအထိပါ မဖြစ်အောင် ကာကွယ်ပေးနိုင်တယ်လို့ လေ့လာမှုတွေအရ တွေ့ရပါတယ်။
ဒါ့အပြင် Irritable Bowel Syndrome ၊ Inflammatory Bowel Disease (အူလမ်းကြောင်း ယောင်ခြင်း)၊ မိန်းမကိုယ် နှင့် ဆီးလမ်းကြောင်း ကျန်းမာရေးနဲ့ ခံတွင်း ကျန်းမာရေး မှာလဲ Probiotics ဆေးဝါးတွေကို အသုံးပြုလာကြပြီ ဖြစ်ပါတယ်။
Probiotics ကို ဒိန်ချဉ်၊ နို့ထွက်ပစ္စည်းနဲ့ Fermented Foods လို အစားအစာကနေ ရနိုင်သလို ဆေးဝါး အနေနဲ့လဲ သောက်သုံးနိုင်ပါတယ်််။ ပိုးသတ်ဆေးတွေ သောက်ရတဲ့အခါ၊ ဝမ်းလျှောတဲ့အခါနဲ့ ဖျားနာတဲ့အခါမှာ Probiotics လေးတွေ လျော့နည်းသွားတယ်ဆိုရင် ဖြည့်စွက်ပေးနိုင်တဲ့ Probiotics ဆေးဝါးတွေကို စျေးကွက်မှာ အများကြီး ရှိနေပါပြီ။ ဒါ့ကြောင့် ‘ခန္ဓာကိုယ်အတွက် ကောင်းကျိုးများစေတဲ့ ‘Probiotic’ ဆေးဝါးများ’အကြောင်းကို မျှဝေလိုက်ရပါတယ်နော်။
ယုဝါ (ဆေးဝါးကျွမ်းကျင်)